ဂိုချုပ်တောင်က မြန်မာရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစေလို
RFA
လာမဲ့နှစ်ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါမယ်လို့ အာမခံဖို့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်က မြန်မာ စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းတဲ့အကြောင်း ဇွန်လ ၁ဝ ဒီနေ့ထုတ် The Strait Times သတင်းစာမှာ ပါရှိပါတယ်။
စင်ကာပူ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင် (အလယ်) ကို ဇွန်လ ၈ရက်နေ့က ရန်ကုန်မြို့ရှိ ဟိုတယ်တခုတွင် ဝန်ထမ်းများအား နှုတ်ဆက်နေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ကမ္ဘာက စိတ်ပါဝင်စားနေတာကို မသိကျိုးကျွန် မပြုဖို့လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ကို ပြောကြားတယ်လို့ ဆိုပါတယ်။
ဂိုချုပ်တောင်ဟာ စင်ကာပူ ဝန်ကြီးချုပ်ဟောင်းသာမက လက်ရှိမှာလည်း ဝါရင့်ဝန်ကြီး တဦးဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား John William Yettaw ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝင်ရောက်တဲ့အတွက် နေအိမ်အကျယ်ချုပ် တားဆီးမိန့်ကို ချိုးဖောက်မှုနဲ့ ရင်ဆိုင်နေရတာဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ဂိုချုပ်တောင်က ပြောတယ်လို့ ဆိုပါတယ်။
သူ့ခရီးစဉ်ဟာ နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စ ဖြစ်မယ်လို့ ယူဆတဲ့အကြောင်း စင်ကာပူရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မစ္စတာ ဂိုချုပ်တောင်ဟာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး တယောက်ကို တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးတယ်လို့ The Strait Times သတင်းစာက ဖော်ပြပါတယ်။
ဆွေးနွေးချက် အသေးစိတ်ကို မစ္စတာဂိုချုပ်တောင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မပြောကြားဘူးလို့လည်း သိရပါတယ်။
စင်ကာပူဝန်ကြီးချုပ်ဟောင်းဟာ တနင်္လာနေ့က စတင်ပြီး မြန်မာနိုင်ငံကို လေးရက်ကြာခရီး ရောက်ရှိနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းတဲ့ အကြောင်း စင်ကာပူနိုင်ငံက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
မစ္စတာဂိုချောက်တောင် ခရီးစဉ်ရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်သလဲဆိုတာနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ သံအမတ်ကြီး တာဝန်ယူခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံထဲမှာရင်းနှီးမြှုပ်နှံမှုအများဆုံး ပြည်ပနိုင်ငံတခု ဖြစ်တယ်လို့ ထောက်ပြပြီး၊ သံတမန် အတွေ့အကြုံအရဆိုရင် ရင်းနှီးသူချင်း တိုးတိုးတိတ်တိတ် အကြံပေးတာတွေ ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကလည်း စစ်အစိုးရကို ဂိုချုပ်တောင် ပြောသွားတဲ့ ပြောဆိုချက်တွေအပေါ် ထောက်ပြ ဝေဖန်ပါတယ်။
ဒီအကြောင်းတွေကို RFA မှ ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်းနားဆင်ရန်....
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment