6/05/2009

နအဖနှင့် ဒီကေဘီအေ စစ်ရေးလှုပ်ရှားမှုစတင် ရွာသားများထိုင်း ဘက်ကမ်းသို့ ထွက်ပြေး



NEJ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသတွင်းကျေးရွာများမှ ရွာသား (၂,၀၀၀) ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည်။

တပ်မဟာ (၇) ဒေသ ဘားအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်းဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “ဒီကေဘီအေနဲ့ နအဖစစ်တပ်နှိပ်စက်လို့ လှိုင်းဘွဲ့နဲ့ ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ ရွာ (၂၀) ကလူတွေ ကျနော်တို့ စခန်းကို ရောက်လာတာ အခုဆိုရင် (၁,၂၆၄) ဦးရှိသွားပြီ။ အူးသူးထ၊ နောင်ဘိုးနဲ့ မဲ့စလေမှာ ရောက်နေတဲ့လူတွေပါ ဆိုရင် (၂,၀၀၀) လောက်ရှိသွားပြီ။ တချို့ထိုင်းဘက်ရောက်သွားတာ (၁,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်။

တပ်မဟာ (၇) ဒေသတည်ရှိရာ နယ်စပ်ထိုင်းဘက်ခြမ်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင်ရှိပြီး ထိုင်းဘက်ခြမ်းသို့ ခိုလှုံလာကြသည့် ရွာသားများကို ၎င်းမြို့နယ် အာဏာပိုင်များက တစုံတရာကန့်ကွက်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပြုထားကာ ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီက “နအဖတပ်မ (၂၂) လက်အောက်ခံတပ်နဲ့ ဒီကေဘီအေ (၉၉၉၊ ၅၅၅၊ ၃၃၃) တပ်တွေပေါင်းပြီး ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ အင်အားတွေ စုတော့ ရွာသားတွေဟာ သူ့တို့ဒဏ်မခံနိုင်တော့ ထွက်ပြေးလာရတာဖြစ်တယ်။ ကျနော်တို့ဒေသမှာ ရန်သူဟာ တပ်အင်အားအလုံးအရင်းချထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီညမဟုတ်ရင် မနက်ဖြန် တိုက်ပွဲတွေ နယ်စပ်တလျှောက်မှာ အကြီးအကျယ်ဖြစ်နိုင်တယ်” ဟု ပြောသည်။



ယခုအခါ ၎င်းနယ်စပ်တလျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက “အခုလက်ရှိရွာသားတွေ လာနေတာ ကျနော်တို့နေရာ တခုတည်းပဲ လေးငါးရာ လောက် ရှိပြီ။ အခြားနေရာတွေ မပါသေးဘူး။ ဒီလူတွေက သူတို့နယ်မှာ အခြေအနေကောင်းသွားရင် ပြန်ကြမယ့်လူတွေပါ။ ဒီလိုအခြေအနေဖြစ်တော့ အများစု ကလေးတွေ ဒုက္ခဖြစ်ကြရတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာသဖြင့် တပ်မဟာ (၇) ဌာနချုပ်သည် တန်ပြန်ထိုးစစ်ဆင်ရန်အတွက် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များအား တပ်လှန့်ထားသည်ဟု သိရှိရသည်။

ယခုနောက်ဆုံးရရှိသည့် သတင်းအရ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု သိရှိရသဖြင့် ၎င်းစခန်းတွင် နေထိုင်သည့် စစ်ပြေးဒုက္ခ (၁,၂၆၄) ဦးတို့သည် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။




0 ယောက်ရဲ့ထင်မြင်ချက်: