5/16/2009

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး မလေးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ

အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ပြီး ရုံးတင်စစ်ဆေးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် မလေးရှားရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြန်မာသံရုံးရှေ့မှာ မေလ ၁၅ရက် ဒီကနေ့ မနက်က တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာစစ်အစိုးရ၏ သံရုံးရှေ့တွင် မေလ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒီဆန္ဒပြပွဲ ဦးဆောင် ကျင်းပသူတဦးဖြစ်တဲ့ NLD-LA မလေးရှားဌာနခွဲ ဥက္ကဋ္ဌ ကိုကျော်ကျော်က ခုလိုပြောပါတယ်။

ကိုကျော်ကျော်။ ။ 'အဓိက တောင်းဆိုချက် သုံးရပ်ကို ကျနော်တို့က တောင်းဆိုတယ်ပေါ့နော် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အမှုဆင်ဖမ်းဆီးခြင်းအား ချက်ချင်းရပ်ပေးဖို့ရယ်၊ မတရားတဲ့ အမိန့်အာဏာများကို ဖီဆန်ကြဆိုတဲ့ ကြွေးကြော်သံ ၃ ချက်နဲ့ မြန်မာသံရုံးရှေ့မှာ သွားရောက်တောင်းဆိုပါတယ်။ NLD-LA မလေးရှားကနေ ကြေညာချက်ထုတ်ပြီး သံရုံးကို သွားပေးတာ သံရုံးအနေနဲ့ လုံးဝလက်မခံဘူး။ ထွက်လည်းမတွေ့ဘူး။ အဲဒါကြောင့် မလေးရှား အာဏာပိုင်တွေကနေပြီး သူတို့ရဲ့ စာတိုက်ပုံးထဲ ထည့်ခဲ့ပါဆိုလို့ ထည့်ခဲ့ရတယ်။ မလေးရှားရဲအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလိုဖမ်းဆီးတာ သူတို့အနေနဲ့ မတရားမှု ဖြစ်တယ်ဆိုတဲ့အကြောင်းကို နားလည် သဘောပေါက်အောင် သူတို့ကိုရှင်းပြတဲ့အတွက် ကျနော်တို့ကို နာရီဝက် ဆန္ဒပြခွင့်ပေးလိုက်တဲ့အတွက် တစုံတရာ အနှောင့်အယှက် အဟန့်အတားတော့ မတွေ့ရဘူးခင်ဗျား။'

ဒီဆန္ဒပြပွဲမှာပါဝင်သူ မသက်သက်မော်ဆိုတဲ့ အမျိုးသမီးတဦးကို ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သူရဲ့ ခံစားချက်ကို RFA က မေးကြည့်ခဲ့ပါတယ်။

မသက်သက်မော်။ ။ 'မကျေနပ်ဘူး ဝမ်းလည်းနည်းတယ်။ မတရားဘူးဆိုတာ သိနေတော့ ဒေါသလည်း ဖြစ်တာပေါ့။ ကမ္ဘာကလည်း သိပါတယ် ဒီပုံစံကြီးက မတရား အမှုဆင်ထားတယ်ဆိုတာ အားလုံးက နားလည်ထားကြတာပဲ။ ပြီးတော့အန်တီစုအနေနဲ့ အင်းစိန်ထောင်နဲ့ မတန်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်နေတာကြောင့် ကျမတို့အနေနဲ့ ဖြစ်စေချင်တာက ဒီတောင်းဆိုချက်တွေထဲကအတိုင်း ဖြစ်စေချင်တာပေါ့။ အဲဒါကြောင့်လည်း ညီမတို့တတွေက သံရုံးရှေ့ကို လာတောင်းဆိုတာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီအာဏာရှင်အစိုးရကြီး မြန်မြန်ပြုတ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ အရမ်းမျှော်လင့်ပါတယ်။'

မလေးရှားက ဆန္ဒပြပွဲကို ဒီမိုကရေစီရေးအင်အားစု ၁ဝဝ ဝန်းကျင် တက်ရောက် ဆန္ဒပြခဲ့ကြတယ်လို့ ပြောပါတယ်။

RFA သတင်းမှ>



1 ယောက်ရဲ့ထင်မြင်ချက်:

Ree Noe Mann said...

အကို ရေ မြင်သာမြင်ရ မကြင်ရ ဆိုတဲ့ အတိုင်း
ဘာမှ မတက်နိုင်ဘူး အစ်ကို

တနလာင်္နေ့ ကိုပဲ စောင့်ကြည့်ရတောမှာပေါ့ဗျာ

ရီနို

16/5/09 11:44 PM