5/24/2009

စစ်အစိုးရကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ထိပ်တန်း တရားသူကြီးများ တောင်းဆို


မေကျော်

ကမ္ဘာ့ထိပ်တန်း တရားသူကြီး ၅ ဦးက Crime in Burma အမည်ရသော အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး၊ မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုနှင့် လူသားမဆန်မှုများကို လုံခြုံရေး ကောင်စီမှ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

တောင်အာဖရိကမှ ရစ်ချက် ဂိုးလ်စတုန်း (Richard Goldstone of South Africa)၊ အမေရိကန် ပြည်ထောင်စုမှ ပက်ထရစ်စီယာ ဝေါ့ဒ် (Patricia Wald of the US)၊ ဗင်နီဇွဲလားမှ ပီဒရို နစ်ကင် (Pedro Nikken of Venezuela)၊ မွန်ဂိုးလီးယားမှ ဂန်ဇိုရဇ် ဂွမ်ဘိုဇူရင် (Ganzorig Gombosuren of Mongolia) နှင့် ဗြိတိန်မှ ဂျော့ဖ်ဖရေး နိုက်စ် (Geoffrey Nice of Britain) က မြန်မာစစ်အစိုးရ ကျူးလွန်သည့် ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးပေးရန် နယူးယောက် ကုလသမဂ္ဂ၌ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။


ဟားဗတ် ဥပဒေရေးရာကျောင်းမှ ထုတ်ပြန်လိုက်သည့် စာမျက်နှာ ၁၄၄ မျက်နှာပါ အစီရင်ခံစာတွင် မြန်မာ့သမိုင်းကြောင်း၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေ၊ မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါတို့တွင် လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်ခဲ့မှုများနှင့် မြန်မာနိုင်ငံ အခြေအနေတို့ကို ဖော်ပြထားသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ၁၅ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများကို မှီငြမ်းရေးသားသည့် အဆိုပါ အစီရင်ခံစာ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကျပ် နေရာရွှေ့ပြောင်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို မှတ်တမ်းပြုစုထားသလို၊ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မူဝါဒတခုလို ချမှတ်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ဖမ်းဆီးခြင်းကလည်း စစ်အစိုးရ၏ အခြေခံ လွတ်လပ်ခွင့်များအား ချိုးဖောက်နေမှုကို သက်သေပြစရာတခုဖြစ်ကြောင်းနှင့် ကုလအဖွဲ့အစည်းများသည် စစ်အစိုးရ၏ မတရားသည့် ဆောင်ရွက်ချက်များကို နှစ်ပေါင်းများစွာ ဝေဖန်ပြောဆိုခဲ့ကြသော်လည်း လုံခြုံရေးကောင်စီက အရေးယူခဲ့ခြင်း မရှိကြောင်းလည်း ထောက်ပြပြောဆိုသည်။

(မဇ္ဈိမ)သတင်း


1 ယောက်ရဲ့ထင်မြင်ချက်:

Anonymous said...

ဝေးးးးးးးးးးးးးးးးးး
ပျော်တယ်ဟေ့းးးးးးးးးးးးးးးးးးးးးးးးးးးးး
ချ ဆုတောင်းနေတယ်အောင်မြင်ပါစေ
ငရွှေ အုပ်စုပြုတ်ပါစေ
ငရွှေတို့ အလှည့်လာပြိဟေ့းးးးးးးးးး

24/5/09 8:24 AM