4/21/2009

စစ်အစိုးရ အချိန်မီ အကူအညီ တောင်းဖို့ Global Fund မျှော်လင့်

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ဒုက္ခအခြေအနေအတွက် စစ်အစိုးရ အာဏာပိုင်တွေဘက်က အချိန်မီ အကူအညီ တောင်းခံလာဖို့ မျှော်လင့်ထားတယ်လို့ Global Fund ရောဂါ ၃ မျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့က ဒီကနေ့ ဧပြီ ၂ဝရက်မှာ ထုတ်ဖော်ပြောကြားပါတယ်။




HIV ပိုး ကူးစက်ထားသော မိဘမဲ့ကလေးများကို ၄င်းတို့အား ပြုစုစောင့်ရှောက်ပေးနေသူ အငြိမ်းစား သူနာပြုဆရာမကြီးနှင့်အတူ သံလျင်မြို့ရှိ ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် တွေ့ရပုံ ။ (Photo: AFP)

ဂလိုဘယ်ဖန်းအဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာအခြေစိုက်ပြီး၊ HIV/ AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ထောက်ပံ့ရေး လုပ်ငန်းတွေကို ကမႝာ့နိုင်ငံပေါင်း ၁၃ဝကျော်မှာ လုပ်ကိုင်နေပါတယ်။

ဂလိုဘယ်ဖန်းအဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ရောဂါ ၃ မျိုး တိုက်ဖျက်ရေးလုပ်ငန်းတွေကို

လုပ်ဆောင်ခဲ့ဖူးပေမယ့် စစ်အစိုးရအာဏာပိုင်တွေရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ ၂ဝဝ၅ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံကနေ အပြီးအပိုင် ရုပ်သိမ်းသွားခဲ့ပါတယ်။ ဂလိုဘယ်ဖန်းအဖွဲ့ ရုပ်သိမ်းသွားခဲ့ပြီးနောက် ၂ဝဝ၆ ခုနှစ်အတွင်းမှာ ဥရောပနိုင်ငံတချို့ပါဝင်တဲ့ Three D Fund အဖွဲ့ အစားထိုး ဝင်ရောက်လာခဲ့ပေမဲ့ ရန်ပုံငွေ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်း ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Global Fund ရဲ့ အဆင့်မြင့်အရာရှိ ၄ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်ရေးအတွက် အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရည်ရွယ် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ Global Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း Michel Kazatchkine က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေအပါအဝင် ပုဂ္ဂလိက အဖွဲ့အစည်းတွေဘက်ကပါ Global Fund ထံက ရန်ပုံငွေကို ဘယ်လိုလျှောက်ထားရမယ်ဆိုတာ ရှင်းပြနိုင်အောင် သွားရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်၊ လျှောက်လွှာတင်တဲ့အဆင့် အားလုံး ချောချောမောမော ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပါမောက္ခ ခါဇတ်ရှ်ခင်း ပြောပါတယ်။

မြန်မာအာဏာပိုင်တွေဟာ Global Fund အဖွဲ့အတွက် ရန်ပုံငွေထည့်ဝင်နေတဲ့ နိုင်ငံကြီးတချို့အပေါ် စိုးရိမ်မှုကြောင့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း Global Fund အဖွဲ့ထံကနေ အကူအညီတောင်းခံဖို့ နောက်တွန့်နေတာ ဖြစ်တယ်လို့လည်း ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း က ပြောပါတယ်။ ဒါပေမဲ့ အခုနှစ်အတွင်းမှာတော့ Global Fund ထံက ရန်ပုံငွေ အကူအညီရရှိရေးကို အချိန်မီ တောင်းခံလာမဲ့ အလားအလာတွေ မြင်တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

အခုနှစ်အတွက် လျှောက်လွှာတင်ရမဲ့ နောက်ဆုံးရက်က ဇွန်လ ၁ ရက်နေ့ပါ၊ မြန်မာအာဏာပိုင်တွေဘက်က အချိန်မီ လျှောက်ထားလိမ့်မယ်လို့ မျှော်လင့်ကြောင်း Global Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပြောသွားပါတယ်။

ဂလိုဘယ်ဖန်းအဖွဲ့ကြီးရဲ့ လုပ်ငန်းရန်ပုံငွေအတွက် အမေ၇ိကန်ပြည်ထောင်စုက ၃ဝရာခိုင်နှုန်းနှစ်စဥ အများဆုံးထည့်ဝင်နေပါတယ်။ အခုနှစ်အတွင်း ကမႝာ့ငွေကြေး အကျပ်အတည်း ပြဿနာကြောင့် လာမဲ့နှစ်အတွက် Global Fund ရဲ့ ရန်ပုံငွေ ဒေါ်လာ ၄ဘီလျံလောက် လျော့ကျသွားနိုင်တယ်လို့ Global Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း Michel Kazatchkine က ပြောပါတယ်။

ပါမောက္ခ ခါဇတ်ရှ်ခင်းကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဗန်ကောက်မြို့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

နားဆင်ရန်
တွေ့ဆုံမေးမြန်းချက်။


RFA သတင်းမှ

0 ယောက်ရဲ့ထင်မြင်ချက်: