မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
လူထုအတွက်စတေးခံ မြေသြဇာအဖွဲ့ဝင်တဦးဖြစ်တဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ကိုတင်ထွဋ်ပိုင် ကို ဧပြီ ၁ဝ ရက်နေ့ညမှာ နေအိမ်ကနေ သက်ဆိုင်ရာက ဖမ်းဆီးသွားခဲ့ပါတယ်။ ကိုတင်ထွဋ်ပိုင် အဖမ်းခံရပုံကို မြေသြဇာအဖွဲ့ဝင်တဦးက RFA ကို ပြောပြပါတယ်။
မြေသြဇာအဖွဲ့ဝင်တဦး။ ။'မြောက်ဥက္ကလာရဲစခန်းက ရဲတွေပါတယ်။ နောက် အရပ်ဝတ်နဲ့ ထောက်လှမ်းရေးလိုလူ နှစ်ယောက် သုံးယောက်ပါတယ်။ နောက် ရပ်ကွက်ထဲက ရယက လူကြီးတွေ၊ မီးသတ်တွေ ပါတယ်။ ည ရှစ်နာရီခွဲ ကိုးနာရီလောက်မှာ အိမ်မှာပဲ ဝင်ဖမ်းသွားတာဗျ။ စာရွက်တွေ အရွက်နှစ်ဆယ်လောက် တွေ့သွားတယ်ပြောတယ်။ နောက်တခါ ကင်မရာတလုံးလည်း တွေ့သွားတယ် ပြောတယ်။ အဲဒီစာရွက်တွေက ကျနော်တို့ မြေသြဇာအဖွဲ့က သင်္ကြန်တွင်းမှာ နအဖ စစ်အာဏာရှင်ကို အလိုမရှိတဲ့ဟာတွေကို ထပ်ပြမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ရှိတယ်။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ လူထုကိုနှိုးဆော်တဲ့ စာတွေ ပါတယ်'
စောစောပိုင်းမှာ ကိုတင်ထွဋ်ပိုင်ကို မြောက်ဥက္ကလာရဲစခန်းမှာ ဖမ်းဆီးထားပြီး အခု ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့ မရဘူးလို့လည်း ဆက်ပြောပါတယ်။
မြေသြဇာအဖွဲ့ဝင်။ ။'ကျနော်တို့က ကျနော်တို့ရင်ထဲမှာရှိတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို တောင်းဆိုတာဖြစ်တယ်။ နောက်တခါ ကျနော်တို့ကို သူတို့ပြောသလို ပြည်တွင်းပြည်ပက မြှောက်ထိုးပင့်ကော် လုပ်ပေးနေတာမဟုတ်ဘူး။ မြေသြဇာအဖွဲ့ကလည်း ပြည်တွင်းပြည်ပက အကူအညီ အထောက်အပံ့နဲ့ လှုပ်ရှားဆောင်ရွက်နေတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ မုန့်ဖိုးတွေ လုပ်အားခတွေနဲ့၊ ဒါကိုတော့လုပ်သင့်တယ် ဒါကိုတော့ဖြစ်သင့်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့လုပ်ဆောင်နေတဲ့အတွက် အခုလိုမျိုး မတရား ဖမ်းဆီးတယ်လို့ ကျနော်တို့ မြင်တယ်။ အဖမ်းခံရတဲ့လူငယ်တွေကို အရမ်းစိုးရိမ်တယ်။ သူတို့ရဲ့ အသက်အန္တရာယ်ရော၊ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်ဆိုင်ရာရော ချို့ယွင်းသွားမှာကို အရမ်းစိုးရိမ်တယ်ဗျ'
မြောက်ဥက္ကလာရဲစခန်းကို RFA က ဆက်သွယ်ပြီး ကိုတင်ထွဋ်ပိုင် ကို ဘယ်မှာချုပ်ထားသလဲလို့ မေးကြည့်တဲ့အခါမှာ မြောက်ဥက္ကလာရဲစခန်းမှာ ကိုတင်ထွဋ်ပိုင်မရှိတဲ့အကြောင်း တာဝန်မှူးတဦးက ဖြေကြားခဲ့ပါတယ်။
တာဝန်မှူးတဦး။ ။'အော် အဲဒါ ကျနော်တို့ဆီကမဟုတ်ဘူး။ သူတို့ သတင်းတပ်ဖွဲ့က ယူသွားတာ။ အဲဒါတော့ ကျနော်တို့မသိဘူး။ အော် မရှိပါဘူးခင်ဗျ'
မြေသြဇာအဖွဲ့ဝင်တွေ အဖမ်းခံရတာဟာ ကိုတင်ထွဋ်ပိုင် အပါအဝင်ဆိုရင် အားလုံး ၁၉ ယောက် ရှိသွားပြီလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ်ဟာလည်း မြောက်ဥက္ကလာ အန်အယ်လ်ဒီ ပါတီဝင်ဖြစ်ပြီး ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကတည်းက အင်းစိန်ထောင်မှာ ထောင် ၇ နှစ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

RFA သတင်းမှ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment