2/11/2009

ကချင်ထိန်းချုပ်နယ်မြေမှ တရုတ်လူမျိုးများ အစုလိုက်အပြုံလိုက်ထွက်ခွာ

တရုတ်နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ မြန်မာနိုင်ငံဘက် မိုင်ကြာယန်ဒေသမှာ လုပ်ကိုင် စားသောက်နေထိုင်တဲ့ တရုတ်လူမျိုးများ အခုရက်ပိုင်းအတွင်း ထောင်နဲ့ချီပြီး တရုတ်ပြည်ဘက်ကို ပြန်လည် ထွက်ခွာနေကြတယ်လို့ နယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတွေက ပြောဆိုပါတယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅ဝဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
အခုလို တရုတ်လူမျိုးများ ပြန်လည် ထွက်ခွာနေတာဟာ တရုတ်နိုင်ငံဘက်က မိုင်ကြာယန်ကို ပေးထားတဲ့ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်လိုက်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်ကြာယန်မှာ နေထိုင်သူတဦးက အဆိုအရ ဖေဖော်ဝါရီ ၉ရက် မနေ့က လူခြောက်ထောင်ခန့် ပြန်လည် ထွက်ခွာလာတာ ဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁ဝရက်မှာ တရုတ်ပြည်ဘက်ကို ပြန်သူ ရာဂဏန်း ရှိတယ်လို့ ဆိုပါတယ်။

မိုင်ကြာယန် ဒေသခံ။ ။ 'ကိန်းဂဏန်းအရေအတွက်က နည်းနည်း မှန်းရခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်မျဉ်းကြောင်းက ရှည်ပြီးတော့ အဆင်းတွေ၊ တောတွေပေါ့နော၊ ဆက်တဲ့လမ်းတွေကလည်း များတာကိုး။ အဲဒီတော့ အတိအကျတော့ ပြောရခက်တယ်၊ ခန့်မှန်းကြတာပဲ ရှိတယ်လေ၊ တချို့ကလည်း ၄ဝဝဝ ပြောတယ်၊ တချို့ကလည်း ၅ဝဝဝ ပြောတယ်။ ဒါပေမဲ့ အနည်းဆုံး ၄ဝဝဝကတော့ ရှိတယ်။'

'သုံးနေတဲ့ လျှပ်စစ်က တရုတ်ပြည်က သုံးတာလေ။ ဖုန်းလိုင်းလည်း ပြတ်နေတယ်၊ နောက် လျှပ်စစ်လိုင်းလည်း ပြတ်တဲ့အခါကျတော့ အတော်များများကတော့ အခြေအနေလည်းသိတော့ ထိတ်လန့်ကြတာပေါ့ဗျာ၊ ထိတ်လန့်တော့ သူတို့က ရရာလမ်းက ကောက်ထွက်ကြတာ၊ တကယ်ကတော့။ ညကြီးလည်း ထွက်ကြတာပဲလေ။ လမ်းတွေကလည်း အများကြီးကို၊ ကျွန်တော်တို့ ဒီအခင်းတွေ၊ ကြံခင်းတွေ၊ လယ်ကွင်းတွေကလည်း သွားစရာရှိတယ်လေ။'

'အကြောင်းရင်းကတော့ ကြောက်လန့်လို့ပါပဲ။ အနီးအနား ပတ်ဝန်းကျင်မှာတော့ တပ်အင်အားတွေ ရှိတယ်၊ ဘာညာ ပြောနေကြတယ်လေ။ တောထဲမှာ ဘာညာပေါ့။ ဝင်တာတော့ မရှိဘူးဗျ။ ရှင်းရှင်းပြောရရင်တော့ အခြေအနေက မတည်ငြိမ်ဘူးပေါ့ဗျာ။ အဓိကအားဖြင့်၊ ဒီ နယ်စပ်ဖြစ်တဲ့အခါကျတော့ တဖက်နိုင်ငံက ဒီလျှပ်စစ်လိုင်းတွေ ဖြတ်တယ်၊ တခါမှ မဖြစ်ဖူးဘူးလေ၊ ဖုန်းလိုင်းတွေ ဖြတ်တယ်ဆိုတော့ အခြေအနေ မကောင်းတော့ဘူး ဆိုပြီးတော့ ပြေးကြတာပဲလေ။'

ဒါကတော့ နယ်စပ်မှာ နေထိုင်သူတဦး ပြောပြတာပါ။ မိုင်ကြာယန် နယ်မြေဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကချင်အဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဖြစ်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက လောင်းကစား ဒိုင်များမှာ ငွေချေးပြီး မပေးနိုင်သူတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် တရုတ်ဘက်က မိုင်ကြာယန်ကို လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ အဖမ်းခံရသူတွေဟာလည်း တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဲဒီဒေသကို စစ်အစိုးရဘက်က တပ်တွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO အဖွဲ့အဆိုအရ လောင်းကစားဒိုင်တွေကို ဖွင့်ထားသူတွေဟာ တရုတ်နိုင်ငံဘက်က သူဌေးတွေဖြစ်ပြီး မိမိတို့ အနေနဲ့ အခွန် ကောက်ယူခြင်းသာ ဖြစ်ကြောင်း တနှစ်ကို ယွမ်ငွေ သိန်း၈ဝ ရရှိတယ်လို့ RFAကို ပြောပါတယ်။ ဒါ့အပြင် လောင်းကစားဒိုင်တွေမှာ ဖမ်းဆီးတယ်ဆိုတာလည်း ဒိုင်တွေက ငွေချေးပြီး မပေးသူတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး မိမိတို့ ဖမ်းဆီးခြင်းမဟုတ်ကြောင်း KIO က ပြောပါတယ်။

RFA မှ ကူးယူပါသည်။

0 ယောက်ရဲ့ထင်မြင်ချက်: