စင်ကာပူသွားမည့် သင်္ဘောပေါ်မှ ဘိန်းဖြူ အမြောက်အမြား ဖမ်းဆီးမိ

ဒီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ စင်ကာပူနိုင်ငံကို ထွက်ခွာမဲ့ သင်္ဘောတစီးပေါ်မှာ ဘိန်းဖြူ ၈၉ ကီလိုဂရမ်ကို မြန်မာနိုင်ငံ မူးယစ်အထူးရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဦးစီးဌာနက ပူးပေါင်း ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာ စစ်အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မိမိတို့ လုပ်ဆောင်နေကြောင်း ပြသသည့်အနေဖြင့် ဖမ်းဆီးမိသော မူးယစ်ဆေးဝါး မျိုးစုံ ဒေါ်လာ ၂၇၂ . ၅သန်းဖိုးကို ၂ဝဝ၇ခုနှစ် ဇွန်လ ၂၆ရက်နေ့က လားရှိုးမြို့တွင် မီးရှို့ပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
စင်ကာပူအလံ တပ်ထားတဲ့ ကိုတာတီဂက်အမည်ရှိ သင်္ဘောဟာ ရန်ကုန်မြို့ အေးရှားဝါး ဆိပ်ကမ်းက ထွက်ခွာလာပြီး ရန်ကုန်မြစ်လယ်က ရေကြောင်းပြ ဗော်ယာမှာ ဒီရေအတက်ကို စောင့်နေစဉ် နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ တရုတ်အစိုးရ ထောက်လှမ်းရေးအဖွဲ့တွေက မြန်မာအစိုးရကို အကြောင်းကြားတဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တကြိမ်တည်းနဲ့ ဒီလောက် ပမာဏများပြားတဲ့ ဘိန်းဖြူမှုန့်တွေကို ဖမ်းဆီးမိတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုလံပစ် ဦးကျော်စိန်ဆိုတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကို ဇန်နဝါရီ ၂၉ရက် မနေ့က ဖမ်းဆီးလိုက်ပြီး သူပိုင်တဲ့ မရမ်းကုန်းမြို့နယ်က နေအိမ်တလုံးကို ချိပ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
အိုလံပစ်ဦးကျော်စိန်ဟာ သစ်လုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်သူ ဖြစ်ပြီး စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတဦးလည်း ဖြစ်ပါတယ်။
RFA မှကူးယူပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment