ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၇၈ဦးကို ထိုင်းရဲစခန်းမှာ ချုပ်ထား
ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ထိုင်းရေပိုင်နက်တွင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ထွက်ခွာလာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် အမျိုးသား ၇၈ဦးကို ထိုင်းရေတပ်က ဖမ်းဆီးမိပြီး မနေ့က ဇန်နဝါရီလ ၂၆ရက်နေ့ ညပိုင်းမှာ အနီးဆုံးရဲစခန်းဖြစ်တဲ့ ပန်နံရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ RFAက စုံစမ်းသိရှိရပါတယ်။
ထိုင်းရေပိုင်နက်အတွင်း မြန်မာနိုင်ငံက ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေ ထိုင်းရေတပ်က ဖမ်းဆီးကာ ရနောင်းမြို့ စဖန်ဖလား ပန်နံရဲစခန်း အချုပ်မှာ ရောက်ရှိနေတာနဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံမြန်မာတဦးက RFAကို အခုလို ပြောပါတယ်။
ဒေသခံမြန်မာ။ ။ ' ဒီအတိုင်းက လောလောဆယ်ဆိုတော့ ရဲစခန်းက ထိန်းသိမ်းထားတဲ့ ပုံစံမျိုးပေါ့ဗျာ၊ ဒါပေမဲ့ ဖမ်းတာတော့ ထိုင်းရေတပ်ကပဲ ဖမ်းတာပဲ။ ဖမ်းပြီးတော့ ကျွန်တော်တို့ ပန်နံနယ်မြေမှာ မိတဲ့အတွက် ပန်နံရဲစခန်းကို လာပို့တယ်၊ ညက လာပို့တယ်ခင်ဗျ။ ထိုင်းရေပိုင်နက်မှာ မိတာခင်ဗျ၊ ခေါ့ခယားဆိုတဲ့ ကျွန်းပေါ့၊ အဲဒီ ကျွန်းနားကနေ မိတာ၊ ရခိုင် ဘူးသီးတောင်မြို့က ပါတယ်၊ မောင်းတောမြို့က ပါတယ်၊ အားလုံး စုစုပေါင်း ၇၈ယောက် ရှိတယ်ခင်ဗျာ။ '
ထိုင်းရေတပ်က ဖမ်းဆီကာ အခုလက်ရှိ ရနောင်းမြို့ စဖန်ဖလားရပ် ပန်နံရဲစခန်းက ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာတွေဟာ အမျိုးသားတွေချည်း ဖြစ်ပြီး အဲဒီထဲက ရိုဟင်ဂျာ ၄ဦးဟာ မြန်မာရေတပ်က ဖမ်းဆီးရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် ရနောင်းဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်လို့လည်း စောစောက မျက်မြင်ဒေသခံပဲ ပြောပါတယ်။
ဒေသခံမြန်မာ။ ။ ' လူ ၄ယောက်က အခု လောလောဆယ် ဆေးရုံမှာ တင်ထားရတယ်ခင်ဗျား၊ အတွင်းလူနာအဖြစ် တင်ထားရတယ်၊ ဒဏ်ရာတွေကို ရနောင်းဆေးရုံကနေပြီးတော့ လာပြီးတော့ ဆေးတွေ လာထည့်ပေးတယ်၊ ဆေးတွေ လာပေးသောက်တယ်၊ သူတို့အပြောအရ ဆိုရင်တော့ ကျွန်တော်တို့ ဒီ ဗမာရေတပ်ကတဲ့ သူတို့ ရိုက်တယ်တဲ့၊ သင်္ဘော သုံးလေးစီးလောက် ကျော်ဖြတ်လာခဲ့ရတယ်၊ မရိုက်တဲ့အစီးရှိသလို ရိုက်တဲ့အစီးလည်း ရှိတယ်ပေါ့၊ သူတို့တတွေ အဲဒါ လှေပေါ်မှာ ထားပြီး ရိုက်တယ်ပေါ့၊ သူတို့ ထမင်းတော့ မကျွေးဘူး၊ ရေတော့ ပေးသောက်တယ်လို့ သူတို့ ပြောပြတာပေါ့။ '
ရိုဟင်ဂျာတွေ ရခိုင်ပြည်က ထွက်လာတာဟာ မြန်မာစစ်တပ်က လုပ်အားပေး ခိုင်းစေနှိပ်စက်တာတွေ မခံနိုင်လို့ မလေးရှားနိုင်ငံကို သွားဖို့ လွန်ခဲ့တဲ့ တလလောက်က စတင် ထွက်လာတာ ဖြစ်ပြီး ထိုင်းရေပိုင်နက်မှာ လှေစက်ပျက်ပြီး ထိုင်းရေတပ်က ဖမ်းဆီးကာ အခုလက်ရှိ အချုပ်ထဲမှာ နေရကြောင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာအမျိုးသားက အခုလို ပြောပါတယ်။
ရိုဟင်ဂျာအမျိုးသား။ ။ ' ကျွန်တော်တို့ ဒီမှာ ထွက်လာတာ တလလောက် ကြာပြီ၊ မောင်တောက ထွက်လာတာပဲ၊ အခုဖမ်းတယ်၊ ရောက်လာပါတယ်။ ရှိသမျှ ခိုးပြီး အားလုံး ရိုက်ကြတယ်။ အားလုံး ခုနစ်ဆယ်နဲ့ ရှစ်ယောက် ဒဏ်ရာရတာပဲ၊ စက်ပျက်လို့ အဲဒီမှာပဲ မျောနေကြနေပြီ၊ အဲဒီ ဘယ်နေရာဆို ကျွန်တော်မှတ်လို့ မရတော့ဘူး၊ ဘာမှမသိဘူး၊ အဲဒီနေရာကို။ '
ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ထွက်ခွာလာစဉ်က ၇၉ဦး ဖြစ်ပြီး ပင်လယ်ထဲမှာ တဦးမျော ပါသွားကြောင်းနဲ့ မြန်မာရေတပ်က ဖမ်းဆီးရိုက်နှက်လို့ ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ရနောင်းမြို့ စဖန်ဖလား ပန်နံရဲစခန်းမှာ အဖမ်းခံနေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။
အခု ပန်နံရဲစခန်းအချုပ်တွင်း ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၇၈ဦးကို ထိုင်း အာဏာပိုင်တွေက ထိုင်းနိုင်ငံတွင်း တရားမဝင်နိုင်ငံခြားသား ဝင်ရောက်မှုနဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ကြောင်း ပန်နံရဲစခန်းနဲ့ နီးစပ်သူတွေက RFAကို ပြောကြားခဲ့ပါတယ်။
RFA မှကူးယူပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment