ကိုစိုး သြဂုတ် ၂၉၊ ၂၀၀၈
ရန်ကုန်မြို့တွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များကို စစ်အာဏာပိုင်များက ကျောင်းရှိ သံဃာ တော်များ စာရင်းကောက်ယူခြင်းနှင့် သံဃာတော်များ ခရီးသွားလာခြင်းများကို စစ်ဆေးတင်းကျပ်မှုများ ပြုလုပ်ကြောင်း သံဃာတော်များက ပြောသည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ကျောင်းရှိ သံဃာစာရင်းနှင့် ကျောင်းသို့ အ၀င်အထွက်ပြုလုပ်သည့် သံဃာစာရင်းကို အာဏာပိုင် များက လာရောက်တောင်းယူပြီး ခရီးသွားသံဃာများနှင့်ပတ်သက်၍လည်း မေးမြန်းစုံစမ်းမှုများပြုလုပ် သည်ဟု တာမွေမြို့ နယ်ရှိ စာသင်တိုက် တခုမှ ဓမ္မာစရိယ သံဃာတော်တပါး ကပြောသည်။ “ဦးပဉ္ဖင်းတို့ကျောင်းမှာ ရယက က လာပြီးတော့ ဘုန်းကြီးတွေ အ၀င်အထွက်ကို စာရင်းတောင်းတယ်၊ ကျောင်းရှိ သံဃာ စာရင်းကိုယူတယ်၊ ပြီးတော့ ဘယ်သွားမှာလဲတို့ ၊ ဘာလုပ်ဖို့လဲတို့ မေးတာတွေလည်း ရှိတယ်၊ တကယ်လို့ ကျောင်းမှာ တခုခု ဖြစ်ရင် ကျောင်းထိုင်ဘုန်းကြီးတို့ တိုက်အုပ်တို့ကို အရေးယူမယ်၊ တာဝန်ယူရမယ်ပေါ့၊ အဲဒါကို စာတော့ မထုတ်ဘူး၊ နှုတ်နဲ့ပဲ ပြောတာ၊ လာတာ စရဖ လည်း ပါတယ်၊ ဒါ ပထမဆုံး ပဲ တခါမှ မကြုံဖူးသေးဘူး၊ တခြားကျောင်းတိုက်တွေကို လည်း ပြောတယ်လို့ ကြားတယ်၊ ”ဟု ၎င်း က ပြောပြသည်။ ယင်း သံဃာ စာရင်းများကို ရယက မှ သာသနာရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန စသည်တို့သို့လည်း ပေးပို့ရ ကြောင်း အထက်ပါ ဓမ္မာစရိယ သံဃာတော်က ဆိုသည်။ “အခုက ရွှေဝါရောင် တော်လှန်ရေးက တနှစ်ပြည့်ဖို့ တလပဲ လိုတော့တယ် ဆိုတော့ ဘုန်းကြီးတွေ လှုပ်ရှားမှု များလာမှာ စိုးလို့ အခုလို တင်းကျပ်နေတယ်လို့ ထင်တာပဲ”ဟု ဓမ္မာစရိယ သံဃာတော်က ဆက်ပြောသည်။ ၀ါပန်၍ ခရီးသွားမည့် သံဃာများအနေနှင့်လည်း ၀ါပန်ထောက်ခံစာ ပြုလုပ်ရကြောင်း၊ ယင်းထောက်ခံစာကို သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်က အဆင်သင့်ရေးထားပြီး ကျောင်းထိုင် ဆရာတော်က ကျောင်းတံဆိပ်နှင့် လက်မှတ်ထိုးပေးရခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “ခရီးသွားမယ့် သံဃာက အဲဒီ ရယက ၀ါပန်ထောက်ခံစာတို့၊ တခြား ကြံ့ဖွံ့တို့ ဘာတို့ သက်ဆိုင်ရာ ထောက်ခံ စာတွေ ပါမှ ခရီးသွားလို့ရတာ၊ မြို့အ၀င်အထွက် ကားဂိတ်တွေဘာတွေမှာ အဲဒီ အထောက်အထား စာရွက်ပြရ တယ်”ဟု ဓမ္မာစရိယ သံဃာက ပြောဆိုသည်။ ဗုဒ္ဓာဘာသာ ထုံးတမ်းအရ ၀ါတွင်းကာလတွင် သံဃာတော်များ ခရီးသွားလာခြင်း မပြုလုပ်သော်လည်း မဖြစ်မနေ သွားလာ ရမည့် အမိအဘ ဆရာသမားများနှင့်သက်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်များပေါ်ပေါက်လာပါက ၀ါပန်၍ ခရီးသွားကြ ရသည်ဟု လည်း ၎င်းက ရှင်းပြသည်။ အထက်ပါ တာမွေမြို့နယ်စာသင်တိုက်တွင် ယခင်နှစ်များက စာသင်သား သံဃာ အပါး ၂၀၀ ခန့်ရှိပြီး ယခုအခါ အပါး ၈၀ ကျော်သာရှိကြောင်း သိရသည်။ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်မှ သံဃာတော် တပါးကလည်း ၎င်းတို့ စာသင်တိုက်ရှိ စာသင်သား သံဃာ အပါး ၃၀၀ ခန့်၏ စာရင်းကို မယက ၊ တိုင်း နှင့် ခရိုင် ရုံးများသို့ ပေးပို့ရကြောင်း ပြောသည်။ “အရင်နှစ်က စာသင်သား ၆၀၀ ကျော် ၇၀၀ လောက်ရှိတယ်၊ အခုတ၀က်လောက် လျော့သွားတယ်၊ တချို့လည်း နယ်ပြန် သွားတာပေါ့၊ တချို့ကလည်း ပြန်မလာတာပေါ့ ဒကာကြီးရာ၊ အခက်အခဲ အမျိုးမျိုးရှိမှာပေါ့၊ ကျောင်း တိုက် တွေက အသစ် ကို လက်မခံတာလည်း ရှိတယ်၊ ကျောင်းရှိ သံဃာစာရင်း အဟောင်းလောက်ကိုပဲ အဲဒီလို ပုံစံထားတဲ့ အနေအထားမျိုး လည်းရှိတယ်၊ အသစ်လက်မခံတာက ဆွမ်းကွမ်း အခက်အခဲကြောင့်မဟုတ်ပါ ဘူး၊ သံဃာတအားများမှာစိုးလို့ ချုံ့ပစ်လိုက် တဲ့ သဘောပဲ ဒကာကြီး၊ ထိန်းသိမ်းရတာလည်း တာဝန်ကြီးတာပေါ့”ဟု ရွာမ စာသင်တိုက်မှ သံဃာတော်က မိန့်ဆိုသည်။ လတ်တလောတွင် သံဃာတော်များကို အချိန်ကန့်သတ်မှုများမရှိသေးကြောင်း၊ သို့သော် ယခင်ထုတ်ပြန်ထားသည့် သံဃာ တော်များ ညမထွက်ရအမိန့်ကို ရုတ်သိမ်းခြင်းမရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။ အလားတူ ရန်ကုန်မြို့ ကိုးထပ်ကြီး ကျောင်းတိုက်ရှိ သံဃာ အပါး ၅၀ ကျော် စာရင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များ က လွန်ခဲ့သည့် ၁၀ ရက်ကျော်က လာရောက်တောင်းယူသည်ဟု ယင်းကျောင်းမှ သံဃာတပါးက ပြောသည်။ ရန်ကုန်ရှိ စာသင်သားသံဃာတပါးက“ဦးပဉ္ဖင်းအမြင်ပြောရရင်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဘာ့ကြောင့် လဲဆိုရင် မြတ်စွာ ဘုရားရဲ့ သာသနာတော်မှာနေတဲ့ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းတော်တွေကို လေးစားရ မယ့်အစား အာဏာ ရှင်တွေရဲ့ အမိန့်သြဇာတွေ ကိုကြောက်နေကြရတယ်၊ ဒါဟာမဖြစ်သင့်ဘူး”ဟု ပြောဆိုသည်။ ယမန်နှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်၍ မေတ္တာပို့ဆန္ဒပြခြင်းများဖြစ်ပွားခဲ့၍ စစ်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး နိုင်ငံတ၀န်းရှိသံဃာများက ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်းပြုလုပ်ခဲ့ကြရာ ယခုအချိန် အထိ ကံဆောင် ထားဆဲဖြစ်ကြောင်း သိရသည်။ |
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment