နိုင်ငံသား စိစစ်ပြီး သူများကို နိုင်ငံကူး လက်မှတ် ထုတ်ပေး
ရဲရင့် | နိုင်ငံသား စိစစ်ရာတွင် မှန်ကန် သူများကို ယာယီ နိုင်ငံကူး လက်မှတ်များ မည်သည့် အနှောင်အဖွဲ့မှ မရှိဘဲ ထုတ်ပေးနေသည်ဟု မြ၀တီမြို့လက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “စိစစ်ရာမှာ သတ်မှတ်ထားတဲ့ အချက်အလက် ပြည့်စုံတဲ့ လူတွေကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးပါတယ်။ ဘာပြဿနာမှ မရှိဘူး။ လက်မှတ် လုပ်တဲ့ လူတွေရဲ့မိဘတွေ အဖမ်းခံရတယ်၊ ငွေညှစ် ခံရတယ် ဆိုတဲ့ကိစ္စတွေဟာ ကောလာဟလတွေပါ” ဟု ပြောသည်။
ယာယီ နိုင်ငံကူး လက်မှတ် အတွက် ကျသင့်ငွေမှာ မြန်မာဘက်၌ ကျပ် (၃,၀၀၀) နှင့် ထိုင်းဘက်၌ (၂) နှစ်ဗီဇာ သက်တမ်းအတွက် ဘတ် (၂,၀၀၀) ပေးဆောင်ရမည် ဖြစ်ပြီး ထိုင်းအလုပ်သမား မှတ်ပုံတင် ရှိသူများသာ လျှောက်ထားနိုင်သည်။

မဲခေါင် မြစ်ဝှမ်း ဒေသ အတွင်း လူကုန်ကူးခြင်း တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက် (UNIAP) မှ မြန်မာ ၀န်ထမ်း တဦး၏ ပြောကြားချက် အရမူ ထိုင်းအလုပ်သမား မှတ်ပုံတင်တွင် အမည်နှင့် နေရပ်လိပ်စာ ပြောင်းလဲ ထားသူများလည်း လျှောက်ထားခွင့် ရှိသည်ဟု သိရသည်။
၎င်းက “ထိုင်းအလုပ်သမား မှတ်ပုံတင်မှာ နာမည်နဲ့ နေရပ်လိပ်စာ တလွဲပေးထားတဲ့ လူတွေလည်း လျှောက်ခွင့် ရှိပါတယ်။ နိုင်ငံကူး လက်မှတ် လျှောက်တဲ့ အခါ ပုံစံစာရွက်ဖြည့်ရင် မြန်မာပြည်က နေရပ်လိပ်စာကို မှန်မှန်ကန်ကန် ဖြည့်ဖို့လိုပါတယ်” ဟု ပြောသည်။
နိုင်ငံကူးလက်မှတ်လျှောက်သူများ၏ မိဘဆွေမျိုးများကို အာဏာပိုင်များက ခြိမ်းခြောက် ငွေညှစ်သည်ဆိုသည့် သတင်းများသည် ကောလာဟလများသာဖြစ်သည်ဟု မြ၀တီမြို့လက်မှတ်ထုတ်ပေးရေးရုံးမှ ပြောဆိုသော်လည်း ငွေညှစ်ခံရသည့်ပြဿနာရှိကြောင်း ထိုင်းအခြေစိုက် ရောင်ခြည်ဦးမြန်မာအလုပ်သမားအဖွဲ့က ပြောသည်။
ယင်းအဖွဲ့၏တာဝန်ခံ ဦးမိုးဆွေက “မြန်မာအလုပ်သမားတွေ လက်မှတ်လုပ်တာနည်းပါးရတာက လက်မှတ်လျှောက်တဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငွေညှစ်ခံရတဲ့ပြဿနာတွေကြောင့်ပါ။ လက်မှတ်လျှောက်တဲ့ မဟာချိုင်က အလုပ်သမတဦး ပုံစံဖြည့်ပြီး မကြာဘူး၊ သူ့အိမ်ကဖုန်းဆက်လာတယ်၊ အိမ်ကိုလာခြိမ်းခြောက်ပြီး တလ ကျပ် (၃) သောင်း တောင်းတယ်၊ မလုပ်နဲ့တော့လို့ပြောတယ်။ ဒီလိုမျိုး အာဏာပိုင်တွေရဲ့ မရိုးသားမှုတွေကြောင့် ဖြစ်ရတာ” ဟု ပြောသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတဦးက “ကျနော်တို့ နယ်မှာတော့ရှိတယ်၊ အတင်း အကျပ်တော့ မဟုတ်ဘူး။ သာရေးနာရေးတို့ လုပ်အားပေးတို့အတွက် ပိုက်ဆံလာကောက်ရင် တအိမ် (၁) ထောင်ဆိုရင် ဘန်ကောက်မှာ သားသမီးတွေ အလုပ်သွားလုပ်တဲ့အိမ်က (၃) ထောင်လောက် ထည့်ရတဲ့အနေအထားတွေတော့ ရှိတယ်” ဟု ပြောသည်။
ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမားရုံးတွင် တင်သွင်းရသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ၏ လျှောက်လွှာကို ထိုင်းအလုပ်သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံ ပို့ဆောင် ပေးခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာဘက်မှအာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသားစိစစ်မှုအတွက် စစ်ဆေးပြီး သတ်မှတ် ထားသည့် အချက်အလက်ပြည့်စုံသူများကိုသာ ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးခြင်းဖြစ်သည်။
နိုင်ငံကူး လက်မှတ် အတွက် တရားဝင်ကုန်ကျငွေမှာ ဘတ် (၂) ထောင်နှင့် ကျပ် (၃) ထောင်သာ ဖြစ်သော်လည်း အလုပ်ရှင်များက လက်မှတ် လုပ်လိုသူ တဦးလျှင် ဘတ်ငွေ (၁) သောင်းခန့် တောင်းကြသဖြင့် အလုပ်သမား အများစုက စိတ်ဝင်စားမှုနည်းကြ ကြောင်း ဘန်ကောက် ပထုံဌာနီ ပလတ်စတစ်စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။
ထိုင်းတွင် အလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာ (၁၀) သိန်းခန့် ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး နောက်ထပ် သက်တမ်း တိုးမပေးတော့ဘဲ ဆက်လက်အလုပ်လုပ်လိုသူများသည် မြန်မာနိုင်ငံမှထုတ်ပေးသည့် ယာယီ နိုင်ငံကူး လက်မှတ် ပါရှိရမည်ဖြစ်ပြီး မရှိသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဘက်က ကြေညာထားသည်။
နိုင်ငံကူး လက်မှတ် ထုတ်ပေးသော နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီ၊ တာချီလိတ် တို့တွင် လက်မှတ်လုပ်သူ (၅၀၀) ကျော် ခန့်သာရှိသည်ဟု မြန်မာဘက်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment