9/29/2009

ကေအိုင်အိုနှင့် မြောက်ပိုင်း တိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ခိုင်လင်း | နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ ထပ်မံ ဆွေးနွေး နေသည်။

ယခုလ (၉) ရက်နေ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အဓိက တာဝန်ယူ ထားသည့် စစ်ဖက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး တလ မပြည့်ခင် ယခု ကဲ့သို့ မပခတိုင်းမှူးနှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က မြစ်ကြီးနားကို ဆင်းသွားကြပြီ။ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ခါတိုင်း သွားနေကျ ကိုယ်စားလှယ် အဖွဲ့ပဲ ပါသွားတယ်။ ဒီနေ့ မပခတိုင်းမှူးနဲ့ တွေ့ကြမယ်။ ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ ကျနော်တို့လည်း ပြောလို့မရဘူး။ ပြောခွင့်မရှိပါဘူး” ဟု အမည် မဖော်လိုသည့် ကေအိုင်အို အရာရှိ တဦးက ပြောသည်။

ယခုလ (၉) ရက်နေ့က မြစ်ကြီးနားမြို့၊ မပခ ဌာနချုပ်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် (BGF) မှလွဲ၍ မည်သည့် အမည်ကိုမျှ ရွေးချယ်ရန် မလိုအပ်သည့် အကြောင်း ပြောဆိုခဲ့ပြီး ကေအိုင်အို အဖွဲ့ကလည်း ကချင် ပြည်နယ်လူထု ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက် အရ ကချင် ဒေသ ကာကွယ်ရေးတပ် (KRGF) သာ လိုလားကြောင်းကို ပြောဆိုခဲ့၍ ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ် ခဲ့ရသည်ဟု ကေအိုင်အို အဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ကေအိုင်အို ကလည်း အကျပ်အတည်း တွေ့နေတာ။ နအဖ ဘက်ကလည်း နယ်ခြားစောင့် တပ်ကလွဲရင် ဒိပြင်ဟာ မလိုချင်ဘူး။ ဒီဘက်ကလည်း လူထု ဆန္ဒ အရသာ လုပ်သွားမယ်ဆိုပြီး ပြောထား တာလည်း ရှိတော့ လူထုဆန္ဒက နယ်ခြား စောင့်တပ် လက်မခံပါနဲ့ ဆိုနေတော့ အခုထိ အဖြေ မထွက်သေးဘဲ ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၅) ရက်တွင် ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့၌ ကချင် ပြည်နယ် အတွင်းမှ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု အဖွဲ့နှင့် လူမှုရေး အသင်းများမှ ကိုယ်စားလှယ်အင်အား စုစုပေါင်း (၃၂၄) ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ တွေ့ဆုံ စည်းဝေးပွဲတွင် BGF ကို လက်မခံဘဲ KRGF သာ လက်ခံသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ကေအိုင်အို အပါအဝင် အပစ်ခတ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေးနှင့် နိုင်ငံရေး ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ရန် နအဖဘက်က ယခုနှစ်၊ ဧပြီ (၂၈) ရက်တွင် စတင် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး နေခဲ့ရာ ယခုအခါ ကေအိုင်အို အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ အပါအဝင် ခေါင်းဆောင်ပိုင်းမှ (၆) ဦး ယခုလအစောပိုင်းက ကေအိုင်အို အဖွဲ့မှ နုတ်ထွက်ကာ ကချင် ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အဖြစ် ဖွဲ့စည်း တည်ထောင်ကာ ရွေးကောက်ပွဲ ဝင်ရန် ရှိနေသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: