9/26/2009

ရွေးကောက်ပွဲ နိုင်မည်ဟု တစည ယုံကြည်

အောင်သက်ဝိုင်း | စစ်အစိုးရ၏ ၂၀၁၀ ကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး အမတ်နေရာ အများအပြား ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တစည တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောဆိုသည်။


တစည ပါတီ ၂၁ နှစ်မြောက် အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် လူ ၇၀၀ ခန့် တက်ရောက်သော တစည ပါတီ၏ ၂၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ဤကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်ဟု အခမ်းအနား တက်ရောက် ခဲ့သူ တဦး က ပြောသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း တည်ထောင် ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်း ထားသော တစည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အမတ်နေရာ အများအပြား အနိုင် ရရှိ နိုင်သော အလားအလာ ကောင်းများတွေ့ရှိ နေရပြီဟုလည်း ဦးခင်မောင်ကြီးက ဆက်လက် ပြောသည်။

တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီကလည်း မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံရေး အင်အားစုများသည် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ ရရှိနိုင်သော အခွင့်အရေး အဖြစ် ရှုမြင်လျက် အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် အရေးကြီးကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်ရေးသည် တစည ပါတီ၏ မူဝါဒ သဘောထား တရပ်ပင် ဖြစ်ကြောင်း ယင်း အခမ်းအနားတွင် ပြောသည်။

“၂၀၁၀ ပြည့်နှစ် မော်ကွန်းတင် အပြောင်းအလဲမှာ ပြည်သူတွေ အာဏာ ပိုင်စိုးရေး အတွက် အခြေခံ ဥပဒေနဲ့ အညီ အစိုးရသစ် အဖွဲ့အမြန်ဆုံး ပေါ်ထွန်း လာရေး ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းရီက ပြော ဆိုသွားသည်။

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ကလည်း လက်ခံထားသည့် အတွက် ယခု အခြေ အနေကို လက်ခံပြီး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးခင်မောင်ကြီး က ဆက်လက်ပြောသည်။

တစည ပါတီသည် နိုင်ငံ အနှံ့အပြားတွင် ပါတီဝင်များ ဖြန့်ကျက်၍ စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း၊ ပါတီဝင် အင်အား လေးသန်းခန့် ရှိနေသောကြောင့်၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။


ပါတီ ဥက္ကဋ္ဌဦးထွန်းရီ အခမ်းအနား တက်ရောက် လာသည်ကို တစည ပါတီဝင်များက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)
လွန်ခဲ့သော ၁၉၉၀ ပြည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်မြေ ၄၈၅ ခုရှိရာတွင် တစည ပါတီ အနေဖြင့် မဲဆန္ဒနယ် ၁၀ ခုတွင် အနိုင်ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၃၉၂ နေရာတွင် နိုင် သောကြောင့် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲတွင် ပါဝင် မဲပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း တဦး က “၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစည ပါတီကို မဆလ ပါတီ ဆိုပြီး လူတွေက မဲမပေးခဲ့ ကြဘူး။ တစညကို မဲပေးတာက စစ်အာဏာရှင် စနစ်ကို ထောက်ခံတာ၊ အာဏာရှင် စနစ် သက်ဆိုး ရှည်အောင် လုပ်ဖို့ စီမံ တာပဲ လို့ ပြည်သူအများစုက မှတ်ယူခဲ့တယ်။ ယနေ့တစညပါတီလည်း ခေါင်းဆောင်ပိုင်း အရရော၊ မူဝါဒပိုင်း အရရော ဘာပြောင်းလဲမှုမှ ရှိမလာသေးဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။

တစည ပါတီသည် ၉၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်ပြီး ယနေ့ အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ် ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံ နှုတ်ပိတ် ခဲ့ကြောင်း၊ စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒ များကိုလည်း တစုံတရာ ထောက်ပြ ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တစည ပါတီတွင် စစ်တပ် အရာရှိကြီးများ ဦးဆောင် ပါဝင်ပြီး ပါတီ၏ ထိပ်တန်း ခေါင်းဆောင် တချို့သည် ယနေ့ စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မဆလ ပါတီတွင် ထိပ်ပိုင်း တာဝန်ရှိသူများ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် ခဲ့ကြသူများ ဖြစ်သည် ဟုလည်း သိရှိရသည်။

တစည ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ နိုင်ငံရေး သမားကြီး တဦးဖြစ်သူ အမျိုးသားရေး ဦးဝင်းနိုင် ကလည်း ၂၀၁၀ နောက်ပိုင်း ဖြစ်ပေါ်သည့် အစိုးရ သစ်တွင် တပ်မတော်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး စစ်တပ် သြဇာခံ ပါတီများ ကလည်း ၀င်ရောက် အရွေးခံမည် ဖြစ်သောကြောင့် ဒီမိုကရေစီ ဘက်တော်သားများ ရွေးကောက်ပွဲတွင် အနိုင် ရရန် ခဲယဉ်းသည်ဟု ပြောဆို ထားသည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: