ရန်ကုန် တောင်ပိုင်း ခရိုင် လယ်ယာ မြေများ စပါး အထွက်နှုန်း ထက်ဝက်မျှ ကျဆင်းနိုင်
အောင်ထက် | ရန်ကုန် တောင်ပိုင်း ခရိုင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တို့ အတွင်းရှိ လယ်ယာ မြေများမှာ ယခုနှစ် အတွက် စပါး အထွက်နှုန်း ထက်ဝက်မျှ ကျဆင်းနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။
အဆိုပါ ဒေသတို့တွင် ကုန်းလယ် တချို့သာရှိပြီး အများစုမှာ ရေနက်ကွင်းများ ဖြစ်ကြ၍ မျိုးစပါးကြဲပက် အပြီး ၀ါဆို လပြည့်ကျော် ကတည်းက ရေကြီးမှုကြောင့် စပါးပင်ပေါက်များ သေကျေကာ အပင်အထ မကောင်းခြင်းကြောင့် စပါးအထွက်နှုန်း လျော့နည်းမည်ဟု တောင်သူများက ပြောသည်။
အပင်ထွက် မညီခြင်း၊ သီတင်းကျွတ် စပါးဖုံး ထွက်ရှိချိန် မိုးများနေခြင်းတို့ကို တွက်ဆ၍ စပါး အထွက်နှုန်းကို မှန်းနိုင်သည်ဟု လည်း တောင်သူများက ရှင်းပြသည်။

အဆိုပါ ဒေသတို့သည် နှစ်စဉ် ရေကြီး နေကြ ဖြစ်ပြီး ယခုနှစ်တွင် ရေကြီးတာ ရှည်သည့် အတွက် တောင်သူများ အဆိုးဝါးဆုံး အခြေအနေဖြင့် ရင်ဆိုင်နေရသည်။
ကွမ်းခြံကုန်း မြို့မှ တွံတေး တူးမြောင်း အထိ စီးဝင်သော ချောင်းမကြီးသို့ ရေများ ပေါင်းစုကာ ကော့မှူးမြို့နှင့် (၁၀) မိုင်နီးပါးအကွာ ၀ါးဘလောက်သောက်ကျေးရွာ လယ်မြေများအထိ ရေပြင်ပျံ့နှံ့နေသည်။
ထို့ပြင် စပါး ထွက်ရှိချိန်တွင် အဆိုပါ လယ်မြေများ၌ တောင်သူတို့ လက်ရှိ ရင်ဆိုင် နေရသော ပြဿနာမှာ သီးနှံဖျက် လယ်ကြွက်များ သောင်းကျန်း နေခြင်း ဖြစ်သည်။
“ခရိုင် အဆင့် စိုက်ပျိုးရေး တာဝန် ရှိသူတွေ ဦးဆောင်ပြီး ကွမ်းခြံကုန်း မြို့နယ်၊ ခလောက် တစ်ရာ ကျေးရွာမှာ ရှိတဲ့ စပါးခင်းတွေမှာ သီးနှံဖျက်ကြွက် နှိမ်နင်းမှုဆိုပြီး စက်တင်ဘာ (၂၅) ရက်တုန်းက လုပ်သွားတယ်။ ဒါပေမယ့် ဟန်ပြ သက်သက် ပါပဲ၊ မထိရောက်ပါဘူး” ဟု ဒေသခံ လယ်သမား တဦးက ပြောသည်။
ယင်းဒေသများတွင် (၆) လသက်ကြီးမျိုး ဖြစ်သည့် ခွံနီ၊ ငစိန်ကြီး စပါးတို့ကို စိုက်ပျိုးပြီး နတ်တော်-ပြာသို၌ လယ်ယာ လုပ်ငန်းခွင် သိမ်းကာ မိုးစပါးကို အဓိကထား စိုက်ပျိုးပြီး တဧကပျမ်းမျှ တင်း (၅၀) ခန့် ထွက်ရှိကြောင်း သိရသည်။
ချောင်းနှင့် နီးသော လယ်မြေများ၌ နွေစပါး စိုက်ပျိုး ဖြစ်ထွန်း သော်လည်း (၁၅) ရက်တကြိမ် ရေတင် နေရသည့် စရိတ်စကကြောင့် တောင်သူများ အခက်အခဲ ဖြစ်ကြသည်ဟု ကွမ်းခြံကုန်း မြို့နယ်မှ စပါးစိုက် တောင်သူ တဦးက ပြောသည်။
၎င်းက “ခွံနီစပါးက မနှစ်က စပါးပေါ်ချိန် တင်း (၁၀၀) ကို (၂) သိန်း (၈) သောင်းဈေးပဲရတယ်။ ပြောရရင် လုပ်အားခရှုံးနေတယ်။ ခုနှစ် စပါး အထွက်နှုန်းတွေကျ၊ ကွမ်းကမရ၊ ရေပိုးရေမွှား (ငါး-ဖား) ကလည်းမရနဲ့ အားလုံး ဒုက္ခတွေ့နေကြပြီ” ဟု ရှင်းပြသည်။
အဆိုပါ အခြေအနေများကို လက်တွေ့ ရင်ဆိုင် နေရသော ဒေသခံ တောင်သူတို့၏ လူမှုဘ၀သည် လွန်စွာ နိမ့်ကျနေပြီး နာဂစ် မုန်တိုင်း ကာလ နောက်ပိုင်းထက် ပိုမိုဆိုးဝါးလျက်ရှိသည်။
နိုင်ငံတော်၏ ပံ့ပိုးမှု အနေဖြင့် စိုက်ပျိုး စရိတ်ချေးငွေ တဧက (၁) သောင်းနှုန်းသာရရှိပြီး အစိုးရ သတ်မှတ်ဈေးနှင့် မြေဆီအိတ်များ မရရှိသည်မှာ ဆယ်စုနှစ် သက်တမ်း ရှိနေပြီဟု ဒေသခံ တောင်သူများ ထံမှ သိရသည်။
ရန်ကုန် တောင်ပိုင်း ခရိုင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ မြို့နယ်တို့သည် နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရသော ဒေသများ ဖြစ်ကြသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment