9/26/2009

သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသား ထောင်တွင်း အတွေ့အကြုံများ ပြောကြား

ရဲရင့် | မြန်မာ စစ်ကြောရေးက အဓမ္မ ပြုမူခြင်း များကြောင့် နိုင်ငံရေး အကျဉ်းသားများ ကြီးမားသော နစ်နာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသား တဦးက ပြောသည်။

ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်း ဖြစ်သည်။

၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ် ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေး ၀င်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည် ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အမှုများကို ပြစ်မှုကြီး သထက် ကြီးစေရန် အတွက် မတရား ဖမ်းဆီး နှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မ ပြုကျင့်သည် ဟုလည်း ၎င်းက ပြောသည်။

ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။

အချို့နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူပင်မရှိဘဲ ဒုက္ခရောက်နေကြကြောင်း ၎င်းက ပြောသည်။

“တချို့ဆို ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး မထွက်ရသေးတဲ့ အကျဉ်းသားတွေရှိတယ်။ ထောင်ထဲမှာ အပြင်လောကနဲ့ ဘာအဆက်အသွယ် မှ မရကြဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့ ကေအန်ယူက ဗိုလ်သန်းမြင့်ရွှေဆိုရင် ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး အခု သရက်ထောင်က အဆောင် (၉) မှာ ရှိတယ်။ ကေအန်ယူက လူတွေ သူ့ကို အဆက်အသွယ် လုပ်ကြဖို့၊ သူရှိနေသေးတယ် ဆိုတာ ပြောပေးဖို့ ကျနော့်ကို အမှာပါးလိုက်ပါတယ်။ အဲလိုလူမျိုးတွေ အခြားထောင်ထဲမှာလည်း အများကြီးရှိတယ်” ဟု ပြောသည်။

ကေအန်ယူမှ ဗိုလ်သန်းမြင့်ရွှေသည် ၁၉၈၃ ခုနှစ်က ဘားအံမြို့ မြိုင်ကလေး ဘိလပ်မြေ စက်ရုံမှ ပြင်သစ် ပညာရှင် ဇနီးမောင်နှံကို ကေအန်ယူ တပ်ဖွဲ့ဝင်များက ၀င်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားရာတွင် ပါဝင်ပြီး မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။

ကိုရန်အောင်ရွှေ ကျခံရသည့် ပြစ်ဒဏ်များမှာ လ၀ကအမှုဖြင့် (၅) နှစ်၊ ၁ရ/၁ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် (၃) နှစ်၊ ၁၉-က တရားမ၀င် လက်နက်ရောင်းဝယ်ဖောက်ကားမှု (၇)နှစ် ကျခံခဲ့ရပြီး အကျဉ်းကျကာလ (၁၁) နှစ်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: