6/14/2009

ဗြဟ္မဝိဟာရ ကျောင်းတိုက် နိုင်ငံခြားဘာသာကျောင်းကို ပိတ်ခိုင်း


RFA
ပုဇွန်တောင်မြို့နယ် ဗြဟ္မဝိဟာရ ကျောင်းတိုက်မှာ ဆရာတော် ဦးစီး ဖွင့်လှစ်ထားတဲ့ ပညာဒါန အခမဲ့ နိုင်ငံခြားဘာသာ သင်တန်းကျောင်းကို မြို့နယ် မယက ဥက္ကဌက ဖိအားပေး ပိတ်ခိုင်းတဲ့အတွက် ပြီးခဲ့တဲ့လက ထပ်ဖွင့်ဖို့ ပြင်ဆင်ထားတဲ့ အတန်းကို ဆက်လက် သင်ကြားခွင့်မရဘူးလို့ သတင်းရရှိပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။ (Photo: AFP)


ကျောင်းသားဦးရေ သုံးရာလောက်ရှိတဲ့ အဲဒီ ဘာသာစကားသင်တန်းကို အခြားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတကျောင်းတွေလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလက စဖွင့်ခဲ့တာပါ။ အင်္ဂလိပ်စာ၊ ဂျပန်စာနဲ့ LCCI စာမေးပွဲ ဖြေဆိုမဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဆရာ၊ ဆရာမ ၁၂ ယောက်က သင်ကြားပို့ချပေးခဲ့ပါတယ်။


ပထမအသုတ်အဖြစ် ဇန်နဝါရီလက စဖွင့်ခဲ့သင်တန်းကို ဧပြီလမှာ အဆုံးသတ်နိုင်ခဲ့ပြီး၊ မေလမှာ ဒုတိယအသုတ် ပြန်စဖို့ စီစဉ်ထားတာကို ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီ ပုဇွန်တောင် ဗြဟ္မဝိဟာရ ပညာဒါနကျောင်းမှာ အလယ်တန်းအဆင့် ကျောင်းသားငယ်တွေ တက်ရောက် သင်ယူခဲ့ကြသလို တက္ကသိုလ်ဝင်တန်းအဆင့်တွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။ အဲဒီလို တက်ရောက်နေသူတွေထဲမှာ မယကအဖွဲ့ဝင်တချို့နဲ့ အခြား အစိုးရအမှုထမ်းတွေရဲ့ သားသမီးတွေလည်း ပါဝင်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

အခုလို စာသင်ကျောင်း ပိတ်ခိုင်းတာဟာ မယကဥက္ကဌတဦးတည်းရဲ့ သဘောနဲ့ပိတ်တာလို့လည်း ကျောင်းသားမိဘတဦးက ပြောပါတယ်။ အဲဒီမယကဥက္ကဌဟာ အရင်ကလည်း ခရစ်ယာန်ဘာသာဝင်တွေက နေအိမ်တွေမှာ ဝတ်ပြုဆုတောင်းတာတွေကို လိုက်လံ ပိတ်ပင်ခဲ့သေးတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

စစ်အစိုးရအာဏာပိုင်တွေက သတင်းစာတွေမှာ နိုင်ငံတဝန်းပညာရေးမြှင့်တင်မှုတွေ ဆောင်ရွက်နေကြောင်း အကြီးအကျယ် ဖော်ပြနေပေမဲ့ မယကဥက္ကဌက ဒီအခမဲ့ ပညာဒါနကျောင်းကို ဘာလို့ပိတ်ခိုင်းတာလဲဆိုတာ ကျောင်းသားမိဘတွေအနေနဲ့ နားမလည်နိုင်ကြောင်းနဲ့ သားသမီးတွေရဲ့ ပညာရည် တိုးတက်မှုတွေအတွက် စိတ်မကောင်းဖြစ်ကြောင်းလည်း ပြောဆိုကြပါတယ်။





0 ယောက်ရဲ့ထင်မြင်ချက်: