6/14/2009

စိုင်းတင်ရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာများ ပြောင်းရွေ့ခံရ


မောင်အေး(နိရဉ္စရာ)

ရခိုင်ပြည်နယ် အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်တွင် ယခုနှစ်အစပိုင်းက စတင်တည် ဆောက်နေသည့် စိုင်းတင်ရေ အားလျှပ်စစ်စီမံကိန်းအတွင်းပါဝင်သည့် ကျေးရွာတချို့ကို အာဏာပိုင် များကစတင်ပြောင်းရွေ့ နေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုပြောင်းရွေ့ခံရသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း အထက်ပိုင်း တွင်တည်ရှိသည့် ချော်ယေကျေးရွာ၊ လီဗွီကျေးရွာ၊ ရီးချောင်းကျေးရွာ၊ ပိန္နဲချေကျေးရွာ၊ ဇီးရွာ၊ ဓါးဆောက်ပိုင်းကျေးရွာနှင့်မရီးမိကျေးရွာတို့ဖြစ်ကြသည်။

“အခုပြောင်းရွေ့ခံရတဲ့ ကျေးရွာတွေအားလုံးကတော့ မြိုနဲ့ ခမိအမျိုးသားကျေးရွာ တွေဖြစ်ပါတယ်။ အိမ်ခြေက ၅၀ ကနေ ၇၀ အတွင်းမှာရှိကြပါတယ်။” ဟု ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူတဦး ကပြောသည်။



စီမံကိန်းဧရိယာတွင် ပါဝင်ပြီး နောက်ထပ် အဖြိုခံရမည့် တခြား ကျေးရွားများလည်းရှိသေးကြောင်း သိရသည်။

“တခြားအဖြိုခံရမယ့် ကျေးရွာတွေလည်းရှိသေးတယ် အဲဒီကျေးရွာတွေကိုတော့ အခုလောလော ဆယ်တန့်ထားပါတယ်။ သီတင်းကျွတ်လ လောက်ဆိုရင် ပြောင်းရမယ်လို့ပြောပါတယ်။” ဟု သူက ပြောသည်။

ဆက်လက်ပြောင်းရွေ့ခံရမည့် ကျေးရွာများမှာ ပျာရည်ကျေးရွာ၊ ဇီးရွာနှင့် သရက်ပြင်ကျေးရွာ တို့ဖြစ်သည်။

စိုင်းတင် ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်းမှ မီဂါဝပ် ၇၀ အထိ ထုပ်လုပ်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ် ၇၅ ရာခိုင်နှုန်းကို မီးပေးနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ စီမံကိန်းကို ၁၉၅၂ နှစ်ကလည်း ၀န်ကြီးချုပ် ဦးနု လက်ထက်တွင်တကြိမ် စတင်ပြု လုပ်ခဲ့ သော်လည်း ဗကပ တပ်ဖွဲ့ တခုမှ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ တဦးကို သတ်ဖြတ်သွားသဖြင့် စီမံကိန်းကို ရပ်တန့် ပစ်ခဲ့သည်။ အဆိုပါ သတ်ဖြတ်မူမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ကို မလို လားသော အစိုးရ အဖွဲ့ဝင် ၀န်ကြီး တချို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပူပေါင်းဆောင်ရွက်ခဲ့သည်ဟု ရခိုင်ပြည်သူများက ယုံကြည်ထားကြသည်။

၁၉၈၈ ခုနှစ် န၀တ အာဏာရလာသော အခါလည်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး စီမံကိန်းရုံးများကို စစ်တွေနှင့် ဘူးသီးတောင်တွင် ဖွင့်လှစ်ခဲ့သည်။ သုံးနှစ်အကြာတွင် အဆိုပါ စီမံကိန်း ကို အကြောင်းပြချက် မရှိဘဲ ရပ်ဆိုင်း ပစ်ခဲ့သည်။ ယခု နအဖ စစ်အစိုးရမှ ပြန်လည် တည်ဆောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။


source;narinjara


0 ယောက်ရဲ့ထင်မြင်ချက်: